ကော့မှူး မတ် ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၉နာရီမှ စတင်ကာ တောင်ပိုင်းရပ်ကွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ အဖွဲစုံ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာ ဝန်ထမ်းများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲ့မှူး ဦးအောင်ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူလုထုများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရန် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေပြီး နှာခေါင်းစည်း မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ ဆောင်ရွက်နေကြကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို အမှတ်(၅၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ကော့မှူးမြို့နယ်မှ ဒုရဲအုပ် သန့်ဇင်အောင်နှင့် တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးနေကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)