ဒုတိယအကြိမ် မဲစာရင်းမှန်ကန်ရေးအတွက် မဟာအောင်မြေမြို့နယ်သို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေး

မန္တလေး၊ သြဂုတ်- ၂၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များမှ ပထမအကြိမ် မဲစာရင်း ကြေညာရာတွင် အမှားပြင်ဆင်လျှောက်ထားမှုများ စာရင်းသွင်းခြင်းလုပ်ငန်းဆောင်ရွက်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ သြဂုတ်လ ၂၈ ရက် နံနက် ၁ဝ နာရီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မဲစာရင်းမှန်ကန်ရေးအတွက် မန္တလေးခရိုင်ရွေးကောက်ပွဲအဖွဲ့ဝင်များဖြစ်သည့် ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မင်း၊ အဖွဲ့ခွဲဝင်များဖြစ်သည့် ခရိုင်လဝက၊ ခရိုင် စည်ပင်သာယာရေးတို့သည်  မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ရောက်ရှိပြီး မဲစာရင်းမှန်ကန်ရေးအတွက် စာရင်းသွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုဖြစ်သော ရတနာဘုမ္မိအရှေ့ရပ်ကွက်သို့ရောက်ရှိကာ ပထမအကြိမ် မဲစာရင်းကြေညာစဉ်က အမှားပြင်ဆင်လျှောက်ထားသူများ၏အိမ်များသို့ တစ်အိမ်တက်ဆင်းလိုက်လံကာ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ရပ်ကွက် (၁၈) ၌ မဲရုံ (၈၃)ရုံဖြင့် မဲဆန္ဒရှင် ၁၆၀၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏စာရင်းအရ သိရသည်။ 

ထွန်းထွန်းနိုင်