ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိ

မောင်တော  မတ်  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မတ်လ ပထမအပတ်မှ စတင်ကာ ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့်  မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင်နှင့်အသက်(၂)နှစ်အောက်များအား  နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးများ အား  အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင် ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိစုရပ် အသီးသီးတွင် မတ်လ ပထမအပတ်မှ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို  ဆောင်ရွက် ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတွင်လည်း ထိုးနှံပေး လျက်ရှိကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်နိုင်သည့် ရောဂါများဖြစ်သော သွေးတိုး၊ ဆီချို စသည့် ရောဂါများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နီနီလွင်၏ ပြောကြားချက်အရ သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)