ရပ်စောက် မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနနှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဦးစီးဌာနတို့၏ ၂၀၂၂ခုနှစ် ဧပြီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ ဘဏ္ဍာရေးနှစ် (၁)နှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈)ခုနှင့် သားသတ်လုပ်ငန်းလိုင်စင် (၂၁)ခုတို့အား (၁၁-၃-၂၀၂၂)ရက်နေ့ နံနက် (၈)နာရီတွင် ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းလိုင်စင်များအား လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)မိတ္တူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ စည်ပင်သာယာရေးဆိုင်ရာအခွန်၊ အခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်၊ ငွေထုတ်ယူမှုအမိန့်(POP)၊ လျှောက်ထားသူမှမရွှေ့ပြောင်းနိုင်သော ပစ္စည်းလက်ရှိပိုင်ဆိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် လျှောက်ထားသူ၏ အမည်ပေါက်ပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း(အိမ်၊ မြေဂရန်၊ ငွေစုလက်မှတ်၊ ငွေစုစာအုပ် မူရင်းများ)၊ လိုင်စင်ယှဉ်ပြိုင်သည့်အချိန်တွင် ၎င်းစာရင်းတွင် ငွေလက်ကျန်လုံလောက်မှုရှိကြောင်း သက်ဆိုင်ရာဘဏ်၏ ထောက်ခံချက်တို့ကို တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှောက်လွာများအား (၉-၃-၂၀၂၂)ရက်နေ့ ညနေ (၄)နာရီ အချိန်နောက်ဆုံးထား၍ ပူးတွဲတင်ပြ လျှောက်ထားနိုင်ကြောင်း မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနရုံးမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)