ရပ်စောက်မြို့နယ်၌ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

ရက်စောက်    မတ်  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ရောဂါနှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ် ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှုပိုမို မြန်ဆန် နိုင်ခြင်းတို့ကြောင့် ပြည်သူလူထုများအနေဖြင့် ပြင်ပဧည့်သည်များလက်မခံပါရန်နှင့် အခြားသူများထံ သွားရောက် လည်ပတ်ခြင်း မပြုကြပါရန်၊ အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်၍ သွားလာကြပါရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမ ှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း Mask မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟုသံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာကြရန်နှင့် မိဘပြည်သူများ အားလုံး ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာ ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)