မော်လမြိုင် ဩဂုတ် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက် လာသောနေရပ် ပြန်ကျား(၂၆)ဦးနှင့်မ(၂၈)ဦး စုစုပေါင်း(၅၄)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်လာသော နေရပ်ပြန်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြု၊ တပ်ဖွဲ့အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆို ကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီးအာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ COVID-19ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင် စစ်ဆေးသွား မည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၁၂၂၄၈)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)