လွိုင်လင်မြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရန် ဆရာတော်၏ဩဝါဒခံယူ

လွိုင်လင်   မတ်   ၄

 ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် ၂၄ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ သံဗုဒ္ဓေ ဘုရားရှင်များပူဇော်ပွဲ ကျင်းပရန် အနီးကပ်အစည်းအဝေးနှင့် ဆရာတော်ထံမှဩဝါဒခံယူခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရတနာစည် စာသင်တိုက်တွင် ပြုလုပ်ကြောင်းသိရသည်။

 လွိုင်လင်မြို့ ရတနာစည်ကျောင်းတိုက်တွင်ပြုလုပ်မည့် နှစ်ကျိပ်ရှစ်ဆူ သံဗုဒ္ဓေဘုရားရှင်များ ပူဇော်ပွဲကို မတ်လ ၁၃ ရက်နေ့တွင် ကျန်းမာ‌‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းကလမ်းများနှင့်အညီ ကျင်းပရန်စီစဉ်ထားပါကြောင်း၊ လွိုင်လင် မြို့ပေါ်နှင့် ပင်လုံ၊ မိုင်းပွန်တို့မှ  ပင့်သံဃာ ၃၀ ပါးအားပင့်ဆောင်၍ ဆွမ်းကွမ်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများကိုလည်း ဖိတ်ကြား၍ ဧည့်ခံကျွေးမွေးရန် စီစဉ်ထားပါကြောင်း၊ သံဃာတော် ပင့်ဆောင်ရေး၊ ဆွမ်းဆက်ကပ်ရေး၊ အခမ်းအနား ပြင်ဆင်ရေးကိစ္စများကို ရတနာစည် သာသနနုဂ္ဂဟ အဖွဲ့များ ဖြင့်ညှိနှိုင်းပေါင်းစပ် ဆောဂ်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်က ရတနာစည် ဆရာတော်အား သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ပွဲတော်ဖြစ် မြောက်ရေးအတွက် ခရိုင်/မြို့နယ် အရပ်ဖက်ဌာန ဆိုင်ရာများ၏ ထည့်ဝင်လှူဒါန်းငွေများကို ရတနာစည်ကျောင်းတိုက် ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းသည်။ ထို့နောက် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရတနာစည်ဆရာတော်ထံမှ ဩဝါဒခံယူပွဲကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့ပြီးရုတ်သိမ်းလိုက်ကြောင်းသိရသည်။

လွိုင်လင်မိုး