ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

မြစ်ကြီးနား     ဩဂုတ် ၂၈

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို  ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးတို့ တက် ရောက်ကြသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာမှ ကန်သာ၊ ရွာသစ်/ရွာဟောင်း၊ သပြေကုန်း၊ ရေနီ၊ နောင်ကာ၊ ညောင်ပင်သာ ရွာချင်းဆက်လမ်းအား ကွန်ကရစ် လမ်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အဓိကလမ်းမ ဖြစ်သော အင်ဂျန်းယန်-ဂွေထော် ကားလမ်းမကြီး (၂၅)မိုင် အရှည်ရှိလမ်းကို ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြုပြင်ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် တတိယပုံမှန် အစည်းအဝေး (တတိယနေ့)တွင် အမာခံကျောက်လမ်းခင်းရန် မေးမြန်းခဲ့ရာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးမှ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော အမာခံကျောက်လမ်း ပြင်ဆင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ လမ်းကောင်းမွန်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်နေပါကြောင်း ဖြေကြားခဲ့သော် လည်း (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်မှ စတင်ခဲ့ရာ ဘတ်ဂျက်ခွဲဝေချထားပေးမှု အလွန်နည်းပါး သောကြောင့် ဘဏ္ဍာနှစ် (၃)နှစ်အတွင်း (၇)မိုင် (၅)ဖာလုံသာ ခင်းနိုင်ခဲ့ပါသဖြင့် ဇွပ်မိုင်ယန်ကျေးရွာမှ ဂွေထော်အထိ (၁၃) မိုင်ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများ အပါအဝင် မေးခွန်း (၁၀)ခုကိုမေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြ သည်။

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ “ကချင်ပြည်နယ်သတ္တုအသေးစားနှင့် လက်လုပ် လက်စားလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို  ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးက လွှတ်တော်သို့တင်သွင်းရာ လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ စိစစ်ချက် အစီရင်ခံစာကို တင်သွင်းသည်။

ဆက်လက်၍ အစည်းအဝေး (ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော “ကချင်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်က လွှတ်တော်၏ သဘောထားရယူပြီး အတည်ပြုကြောင်း ဆုံးဖြတ်ကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်သည်။

ပြည်နယ်(ပြန်/ဆက်)