ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဟိုပုံး   မတ်  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဝင်းထွန်း၊ မြို့နယ် ဆည်မြောင်းနှင့်် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်းနှင့် မြတ်သံလွင် ရွှေပြည်သစ် ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေ ကျပ်(၅၀.၀၁၅)သန်းဖြင့် မြတ်သံလွင် ရွှေပြည်သစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မိုင်ကောင်-ဝမ်စိမ်း-ပါနိမ့်လမ်း  မြေသားလမ်းဖောက်လုပ်ခြင်း (၁/၄.၇၅)မိုင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါမြေသားလမ်းသည် ဒီဇင်ဘာလ(၂၇)ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကျေးရွာ (၄)ရွာနှင့် လူဦးရေ(၅၄၄)ဦး ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်း များနှင့် ကျန်းမာရေး လုပ်ငန်း အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ဝမ်းစိမ်းဘုန်းတော်ကြီးရှိ ဆရာတော် သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)