တနိုင်း မတ် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်၊ သွားလာစေရေး အသိပညာပေးခြင်း၊ ခရီးသွားပြည်သူများထံ တနိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် Mask (၁၀၀၀)ခုကို (အခမဲ့) ဖြန့်ဝေပေးကြပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကြရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါ