တံတားဦးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

တံတားဦး   မတ်    ၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်း လုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ယနေ့နံနက်ပိုင်းက  သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကလေးငယ်များ၊ မိဘအုပ်ထိန်းသူများနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်စေပြီး ကာကွယ်ဆေးများ စနစ်တကျထိုးနှံတိုက်ကျွေးပေးကြသည်။ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များကို ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်အရွယ် အလိုက် အသည်းရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်တီဘီကာကွယ်ဆေး၊ ပြင်းထန် ဝမ်းလျှော ဝမ်းပျက်ရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို တံတားဦးမြို့ ရပ်ကွက်(၃)ရပ်ကွက်အပြင် ကျေးလက် ကျန်းမာရေးဌာန အောက်ရှိ ကျေးရွာများတွင်လည်း လစဉ်ပုံမှန် ထိုးနှံတိုက်ကျွေးကြကြောင်းလည်းသိရသည်။

တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်တွင် ယနေ့ကာကွယ်ဆေးလာရောက်ထိုးနှံတိုက်ကျွေးသည့် ကလေးငယ် ပေါင်း (၈၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်း(၂၃)ဦး စုစုပေါင်း(၁၀၉)ဦး လာရောက်ထိုးနှံတိုက်ကျွေးကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက် သည့် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာစုရပ်များတွင် အသိပညာပေးခြင်းများ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းတို့ကို လစဉ်လဆန်း(၁)ရက်နေ့မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်းလည်း သိရသည်။

ဦးရဲတင့်