တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်  မတ်  ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် မဖြစ် ပေါ်စေရေးအတွက် တောင်ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန)မှ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စျေးများ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စျေးများအတွင်း စျေးရောင်းချသူများအနေဖြင့် လျှပ်စစ်မီးသုံးစွဲမှု အခြေအနေနှင့် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်မီးများကို ပေါ့ဆစွာ မထွန်းညှိ စေရေးအတွက် အဓိကထားစစ်ဆေးခဲ့ပြီး စျေးများအတွင်း အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်ရေး နည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင် လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးအပြင် မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးကို လက်တွေ့ အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို စျေးသူ/သားများနှင့် စျေးဝယ်လာရောက်ကြသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ် အတွင်းရှိ စည်ပင်သာယာစျေးများအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် စျေးအတွင်း သန့်ရှင်း သပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေ ရေးအတွက် အထူးအလေးထား ဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါ စျေးများအတွင်း  မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)