ကျိုက်မရော မတ် ၃
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိူးဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ်ရေးနှင့် ရောဂါကူးစက်မှုနှုန်း လျော့ချရေးတို့အတွက် မြို့နယ်မြေစာရင်း ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသည့် သူများအား နှာခေါင်းစည်း mask တပ်ဆင်ရေး အသိပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်ကာ မြို့အဝင်စက်လမ်းဝ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်း maskများ ဖြန့်ဝေပေးရာတွင် မြို့နယ်မြေစာရင်းရုံးမှ ဦးစီးမှူးဦးကျော်သိန်း ဦးဆောင်၍ သက်ဆိုင်ရာ ဌာနဝန်ထမ်းများက ကျောင်းသွားကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ စျေးသွားစျေးလာ ပြည်သူများနှင့် ခရီးသွားပြည်သူများ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေသူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးကာ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး အတွက် လိုက်နာရမည့် အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)