မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း လူထု အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပင်းတယ မတ်   ၃

ယခုအခါ ပူပြင်းခြောက်သွေ့သော‌ နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးတို့အတွက် မြို့ပေါ်ရှိရပ်ကွက်များအတွင်းလှည့်လည်၍ မီးသတိပေး၊ နိူးဆော်ခြင်းများအား  ညနေ (၆) နာရီမှ ည (၉) နာရီ အချိန်အထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ လူထုအသိပညာပေး နိူးဆော်ဆောင်ရွက်ရာတွင်  ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်ဘိုမြင့်ဦးဆောင်သော မီးသတ်တပ်ဖွဲ့များက ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘ ပြည်သူများအနေဖြင့် မီးဘေး လုံခြုံရေး အတွက်သတိပြုနေထိုင်ကြရန်၊ မိမိတို့၏နေအိမ်များတွင်  မီးကပ်၊ မီးချိတ်၊ ရေပုံးများ ထားရှိရန်၊ မီးကြွင်းမီးကျန်များမထားရှိရန်၊ လျှပ်စစ်မီးအားဂရုတစိုက်စနစ်တကျသုံးစွဲကြရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနည်းလမ်းများသိရှိလေ့လာထားရန်၊  အရေးပေါ်မီးငြိမ်းသတ်နည်းများ သိရှိလိုက်နာကြရန်နှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ဆက်သွယ် ရမည့် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များအား ကြေငြာဆောင်ရွက်ခြင်းများနှင့် မီးဘေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ပင်းတယမြို့နယ် မီးသတ်ဉီးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်မိုးလွင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဓိက ရည်ရည်ချက် (၄) ရပ်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြု ဆောင်ရွက်ရေးစသည့် လုပ်ငန်းများအား ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်များအပြင် အနီးအနား ကျေးရွာများအထိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အေးအေးလတ်