နမ္မတူ မတ် ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နမ္မတူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ်၊ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နမ္မတူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) စသည့်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို လစဉ်လဆန်း (၁)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်အတွင်းရှိ ကလေးငယ် များအားလည်းကောင်း၊ လဆန်း (၂)ရက်နေ့တွင် နမ္မတူရပ်ကွက်ရှိ ကလေးငယ်များအားလည်းကောင်း၊ လဆန်း (၃)ရက်နေ့တွင် နမ္မတူမြို့အနီး ပတ်ဝန်းကျင် ကျေးရွာများရှိ ကလေးငယ်များအားလည်းကောင်း တိုက်ကျွေးထိုးနှံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)