လဲချားတွင် အသက်(၁)ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

လဲချား    မတ်   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၉) နာရီခွဲအချိန်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ဆေးလာရောက်ထိုးနှံသူ များကို ကိုယ်အပူချိန် တိုင်းတာခြင်း၊လက်ဆေးခြင်း၊နှာခေါင်းစည်းများ တပ်ဆင်စေပြီး အသက် (၁)နစ်ခွဲအောက် ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး) ၊ ဂျပန်ဦးနှောက်ရောင်၊ဝက်သက်၊ဂျိုက်သိုးစသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက် ကျွေးခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် ( လဲချား)