မိုင်းရှူးမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖိတ်ခေါ်(ဖလား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းရှူး    မတ်   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖိတ်ခေါ်(ဖလား)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပြီး အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မိုင်းလင်း FC ဘော လုံးအသင်းနှင့် Shan Star FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမိုင်းလင်း FC ဘောလုံးအသင်းက၂ဂိုး ၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့ရာ မိုင်းရှူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးထွန်း​မြင့်ဝင်း၊ မြို့နယ်ဘောလုံး အသင်းဥက္ကဋ္ဌ ဦးစိုင်းမြတ်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်တို့က ဘောလုံးဒိုင် လူကြီးများအား ဆုငွေချီးမြှင့်ခြင်း၊ ပထမဆုရရှိသည့် မိုင်းလင်း FC ဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသည့် Shan Star FC ဘောလုံးအသင်းတို့ကို ရွှေဆွဲပြားဆု၊ငွေဆွဲပြားဆုများ တစ်ဦးချင်းချီးမြှင့်ကြသည်။

ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် ဂိုးသမားအကောင်းဆုံးဆု၊ နောက် တန်းကစား သမားအကောင်း ဆုံးဆု၊ အလယ်တန်းကစား သမားအကောင်းဆုံးဆု၊ ရှေ့တန်းသမားအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဘောလုံးသမားဆုရရှိသူများကို ဆုတံဆိပ်များ ချီးမြှင့်သည်။

ထို့နောက်ပထမဆုရရှိသည့် မိုင်းလင်းFCဘောလုံး အသင်းကို အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၂)နည်း စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော် ဇော်နိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Shan Star FC ဘောလုံးအသင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်တို့က ငွေသားဆုနှင့် ဆုဖလားများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)