ညောင်ဦး မတ် ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ် ဝန်းကျင်ဒေသထွက်သီဟိုဋ်သရက်(သီဟိုဋ်)ပင်များ အဖူးအပွင့်ပွင့်ချိန် အပွင့်များလှိုင်လှိုင်ပွင့်နေကြပြီး အသီးသီးပြီး သီဟိုစေ့ရောင်းချချိန် လွန်ခဲ့သည့်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမှာ စိုးရိမ်နေကြကြောင်း လျှော်တောကျေးရွာ သီဟိုဋ်သရက်စိုက်တောင်သူ ဦးမောင်ညိုထံက သိရသည်။
ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေးရွာ၊ နဂါးလည်ကျေးရွာ၊ ဆည်ကျေးရွာ၊ စီးမကျေးရွာနှင့် လျှော်တောကျေးရွာ များသည် သီဟိုဋ်သရက်အမြောက်အမြား စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ အခါတိုင်းနှစ်များတွင် သီဟိုဋ်သရက်စေ့ပေါ်ချိန် တစ်တင်းလျှင်ငါးသောင်းကျပ်မှခြောက် အထိရောင်းချခဲ့ရသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် သီဟိုဋ်သရက်စေ့ ဈေးနှုန်း တစ်သောင်းရှစ်ရာကျပ်မှ နှစ်သာင်းကျပ်သာရောင်းချရကြောင်းသိရကြောင်း သီဟိုဋ် သရက်စိုက် တောင်သူများကရှင်းပြသည်။ သီဟိုဋ်သရက်သည် နှစ်ရှည်ပင်အမျိုးအစားသရက် ဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ဆယ်နှစ်အတွင်း အသီးသီးနှုန်းကောင်းမွန်ကာ အပင်သက်တမ်း ဆယ်နှစ်ကျော်လျှင် အပင်သာကြီးလာပြီး အသီးသီးနှုန်းမှာလည်း လျော့နည်းလာကြောင်း အချို့နှစ်များမသီးသည့်နှစ်များ ရှိသကဲ့သို့ ယခုနှစ်တွင်ဈေးကွက်အနေအထားများ ပျက်လာခြင်း ကြောင့် သီဟိုဋ်သရက်ပင်များနေရာ အခြားဈေးကွက်ကိုက်မည့် သီးပင်များအစားထိုးစိုက် ပျိုးမှုများလာကြောင်း သီဟိုဋ်သရက်ပင်များအား ခုတ်ပစ်ပြီး ခြောက်လမာလကာ၊ ကီလိုမာလကာ၊ နဂါးမောက်၊ စိန်တစ်လုံးသရက်များဖြင့် အစားထိုး စိုက်ပျိုးမှုများလာကြောင်း လျှော်တောကျေးရွာ ဦးအောင်ဝင်းက ရှင်းပြသည်။
သီဟိုဋ်သရက်ပင်များသည် ပြာသိုလ၊ တပို့တွဲလတို့တွင် အဖူးပွင့်စတင်ပွင့်ကြပြီး ကဆုန်လ၊ နယုန်လတို့တွင် ရင့်မှည့်ကာ အောက်သို့ကြွေကျသည့် သီဟိုဋ်စေ့များ ကောက်ယူကြကြောင်း၊ သီဟိုဋ်စေ့ပေါ်ချိန် လျှော်တောတစ်ရွာထဲပင်လျှင် တင်းသုံးရာကျော် ထွက်ရှိကြောင်း သိရသည်။ မနှစ်က သီဟိုဋ်သရက်ပေါ်ချိန် ဈေးကွက်မကောင်းမွန်ခြင်းတို့ကြောင့် အချို့သီဟိုဋ်သရက်စိုက ခြံရှင်များ သီဟိုဋ်စေ့မကောက်တော့သည်ထိရှိကြပြီး သီဟိုဋ်သရက်ခြံများအစား ဈေးကွက်ကိုက်မည့် သီးနှံများရွေးချယ် စိုက်လာကြကြောင်း သိရသည်။
သီဟိုဋ်သရက်များအား ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာအုပ်စု၊ သစ်ထောင့် မြောက်ကျေးရွာတွင် တောင်သူ ဦးအုန်းမောင်စိုက်ပျိုးသည့် နှစ်ဧကခွဲစိုက်ခင်းမှလည်း သီဟိုဋ် သရက်စေ့ဈေးကွက် ပျက်နေခြင်းကြောင့် အခြားသီးနှံ စိုက်ပျိုးဖို့လုပ်ဆောင်နေကြောင်း ဦးအုန်းမောင်က ရှင်းပြ၍သိရပြီး သီဟိုပင်များသည် အဖူးအပွင့်ပွင့်ပြီး အသီးတင်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD