ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ် စာရေးဆရာအသင်းဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပြင်ဦးလွင် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် မြို့နယ် စာရေးဆရာအသင်း နှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ စာပေချစ်မြတ်နိုး တန်ဖိုးထားသူများနှင့်အတူ စာပေမှရသော အသိအမြင်ဗဟုသုတများ ပြန့်ပွားစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်းနှင့်ပူးပေါင်း၍ စာပေဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများကို ပူးပေါင်းကျင်းပလေ့ရှိပါကြောင်း၊ ထိုသို့ကျင်းပခြင်းမှာ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေများကို ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ကျင်းပ၍ စာပေဖတ်ရှုသော အလေ့အကျင့် ကောင်းများအား ပြုစုပျိုးထောင်ပေးရန် ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စာရေးသူ ငုရွှေဝါ ရေးသားသည့် "နွံ" အတွေးအမြင်ဆောင်းပါးအား ဖတ်ကြားပြီး ဆောင်းပါးနှင့် ပတ်သက်သော အကြောင်းအရာများကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး သုံးသပ်ခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်း ထပ်မံ ကျင်းပပြုလုပ် မည့် အစီအမံများ၊ ကျင်းပမည့်ခေါင်းစဉ်များနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက် သူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဖြူလူသစ်