ထန်းတပင်၌ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ထန်းတပင်(ရန်ကုန်)၊ သြဂုတ် ၂၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေး ကြိုတင်၍ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာ တွင် (Mask)နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ကာ သွားလာ စေရေး အသိပညာပေးနှိုးဆော်မှုများနှင့် Mask နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မစျေးရှေ့နှင့် လမ်းဆုံ ကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်မှုများကို မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသန်း​ဇော်လင်း ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်အောင်နှင့် ကျန်းမာရေးဝန်ထမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေးနှင့် စည်ပင် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်(၅)ခု တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက် ရောဂါကို မြို့နယ် အတွင်း ဖြစ်ပွားမှုများမရှိစေရေး ကြိုတင်ကာ ကွယ်သည့်အနေဖြင့် မြို့မစျေးရှေ့၊ လမ်းဆုံYBS (၅၂)ကားဂိတ်နှင့် Taxi ဂိတ်တို့တွင် ဖြတ်သန်းသွားလာ နေကြသူများအား နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေးတို့ကို အသိပညာ ပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ် အနေနဲ့ကတော့ လက်ရှိကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ လူနာက မရှိ သေးဘူး၊ ဆက်လက်ပြီးတော့လည်း မြို့နယ်မှ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင်လို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေကတော့ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ် ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)