ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကျင်းပ

ဇေယျာသီရိ မတ် ၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်း ကျေးရွာအုပ်စု၊ လေသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဇေယျာသီရိ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်က တက်ရောက်လာသည့် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦး ရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်သည်ကို ပြည်သူအားလုံး သိရှိနားလည်ကြ ရန်လိုအပ်ပါကြောင်း၊ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ အရေးကြီး၊ အရေးပါသည့်နိုင်ငံသားဖြစ်မှု အထောက် အထားတစ်ခုကို နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတော် အစိုးရကပြည်သူများ၏ အကျိုး၊ နိုင်ငံတော်၏ အနာဂတ်အကျိုးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းနှင့် မိမိဌာနမှပြည်သူများအတွက် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဇေယျာ သီရိမြို့နယ်    ကျွန်းရောင်းကျေးရွာအုပ်စုမှ ပြည်သူ (၅၂) ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့သည်။

အလားတူ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စုတွင်မှ ပြည်သူ (၆၂) ဦးနှင့် စည်ပင်ကြီး ကျေးရွာအုပ်စုမှ ပြည်သူ (၆၂) ဦးကို ကျေးရွာအုပ်စုအလိုက်သွားရောက်၍  နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)