ပင်းတယ မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ) ခရိုင်ရုံးဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ) ခရိုင်ရုံးအား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ဦး၊ ပင်းတယ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် တစ်နိုင်ငံလုံး စုစုပေါင်း ခရိုင်ရုံး(၄၀)ရုံး ထပ်မံဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး၊ ယနေ့တွင် ရှမ်းပြည်နယ်ရှိ တာချီလိတ်၊ လားရှိုး၊ လွိုင်လင်ခရိုင် (၃)ရုံးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်နဲ့အညီ မူဝါဒ(၃)ရပ်၊ လုပ်ငန်းစဉ်(၆)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းမှ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်းတယ(ဒေသပြန်/ဆက်)