ဖားကန့်မြို့နယ်ရှိ သက်တမ်းကုန်မက်လင်ချောင်အကျိုးတူ (၂) လုပ်ကွက်ဟောင်း၌ မြေပြိုမှု ဖြစ်ပွား

ဖားကန့်  မတ် 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာနှင့် အေးမြသာယာရပ်ကွက်၊ မနကျေးရွာကြားရှိ သက်တမ်းကုန် မက်လင်ချောင် အကျိုးတူ (၂) လုပ်ကွက်ဟောင်းတွင် အမြင့်ပေ ၃၀၀၊ အကျယ် ၁၀၀ပေခန့်ရှိသည့် လုပ်ကွက်ကားပါးယံ၌ ယမန်နေ့နံနက် ၁ နာရီခွဲခန့်က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေစာပုံပြိုကျသည့် သက်တမ်းကုန်မက်လင်ချောင်အကျိုးတူ(၂) လုပ်ကွက်အား တာဝန်ရှိသူများက စုပေါင်း၍ ယမန်နေ့ ညနေပိုင်းအထိ ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ ရေမဆေး ကျောက်ရှာဖွေသူများက မိမိတို့၏ အသက်အန္တရာယ် အား ဂရုမပြုဘဲ ခေါင်းစား(လှိုက်စား) တူးဖော်ခဲ့ရာမှ တစ်ဆင့် အလျား (၁၀၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၃၀၀)ပေခန့်ရှိ မြေစာများ နိမ့်လျှောမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေစာပုံ ပြိုကျမှုကြောင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် စက်ယန္တရား များအသုံးပြု၍ ရှာဖွေတူးဖော်ဆောင်ရွက်ထားခြင်း မဟုတ်ဘဲ ရေမဆေးကျောက် ရှာဖွေသူများမှ လက်ကျင်းတူးဖော် ထားသည့် အနေအထားများကို စိစစ်တွေ့ ရှိရကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)