ဗန်းမော် မတ် ၂
၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်မြို့ မံဖာကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးစီးဌာနရုံးဖွင့်လှစ်ရာတွင် ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့် တာဝန်ရှိသူများတို့က ဦးစီးဌာနရုံးဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ပြီး ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် သင်တန်းများကို စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ပေးခြင်းဖြင့် ဗန်းမော်ခရိုင်အတွင်း၌ ထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံများ၊ ကြိမ်၊ ဝါး လက်မှုထည်၊ တန်ဖိုးမြှင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များဖြစ်သည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကာလတို သင်တန်းများ၊ မြန်မာ့ရိုးရာပန်း (၁ဝ)မျိုးနှင့် လက်မှုလုပ်ငန်းနည်းပညာများကို ဖွံ့ဖြိုးရန် ဆောင်ရွက်လျက်ရှိရာ ဗန်းမော်ခရိုင်မှ ဒေသခံပြည်သူများအား စဉ်ဆက်မပြတ်တောင်းခံ လျက်ရှိကြောင်းနှင့် ဗန်းမော်ဒေသသည် ရာသီသီးနှံဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ ငှက်ပျော၊ ဝဥ၊ ရာဘာ စသည့် စိုက်ပျိုးသီးနှံများနှင့် သစ်၊ ဝါး အခြေခံလက်မှုလုပ်ငန်းများရှိရာ အဆိုပါ လုပ်ငန်းများ တန်ဖိုးမြင့် နည်းပညာ ဖွံ့ဖြိုးခြင်းဖြင့် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းတိုးပွားလာစေပြီး မိသားစုဝင်ငွေနှင့် ဒေသထွက်ကုန် အရည် အသွေးအဆင့်မီ ထွက်ရှိလာမည်ဖြစ်ကြောင်း ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ကိန်းဖြူ (ပြန်/ဆက်)