ကော့မှူး မတ် ၂
ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးကြီးအတွင်းလှည့်လည် စစ်ဆေးနေကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်၊ မြို့နယ်မီးသတ် တပ်ဖွဲ့စခန်းမှ စခန်းတာဝန်ခံ ဦးပြည့်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့မှ ဈေးကြီးအတွင်းလိုက်လံ ကွင်းဆင်းစစ်ဆေးရာတွင်မီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးကြီး အတွင်းအရေးပေါ်အသုံးပြုနိုင်ရန် ရှေ့ဦးမီးငြိမ်း သတ်ပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မီးသတ်ဆေးဘူးများကို ပုံမှန်စစ်ဆေးသွားရန်နှင့် ရေစင်များတွင် ရေအဆင်သင့် ဖြည့်ဆည်းထားရှိရန် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ကိုလည်း ဆက်လက် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
ကျော်သူရ(ကော့မှူး)