နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ် လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်

နမ္မတူ မတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာနမှ အရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ရှမ်းပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချရာတွင် မတ်လ (၇)ရက်နေ့တွင် အရပ်ရပ်လိုင်စင် (၁၁) မျိုးနှင့် သားသတ်လိုင်စင် (၁၄) မျိုးအား ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဈေးပြိုင်လေလံလိုင်စင် ဆွဲဝယ်ယူလိုသူများနေဖြင့် မတ်လ (၆) ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံး ထားပြီး ကိုယ်တိုင်လာရောက်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာတွင်ဖြည့်စွက်၍၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ သက်ဆိုင်ရာလဝက အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်/ကျေးရွာတွင် နေထိုင်ကြောင်း ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်၊ သတ်မှတ်ကြမ်းခင်းဈေး၏ (၅၀)ရာခိုင်နှုန်းကို စားပွဲတင်အာမခံငွေအဖြစ် မြန်မာ့စီးပွားရေး ဘဏ်တွင် ပေးသွင်းထားသည့် အမှုဆောင်အရာရှိအမည် ငွေထုတ်ယူအမိန့် (Payment Order Private)၊ စည်ပင်သာယာရေးဌာနဆိုင်ရာ အခွန်၊ အခ၊ အကြွေးကျန်ကင်းရှင်း ကြောင်း ထောက်ခံချက်၊ လုပ်ငန်းလုပ်ကိုင်ခွင့် အာမခံ အထောက်အထားအဖြစ် ဆွဲဝယ်မည့် လုပ်ငန်း လိုင်စင်ကြေးကို ကာမိသော တန်ဖိုးရှိသည့် လျှောက်ထားသူ အမည်ပေါက် ပိုင်ဆိုင်သော ဥပဒေနှင အညီ ခိုင်လုံသည့် မရွှေ့ပြောင်းနိုင်သောပစ္စည်း (အိမ်၊ ခြံ၊ မြေဂရန်မူရင်း၊ အဆောက်အဦး၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ (၄) ဘက်မြင် မြန်မာ့စီးပွားရေးဘဏ်၏ ရာဖြတ်ထောက်ခံချက် (သို့မဟုတ်) မြန်မာ့ စီးပွားရေး ဘဏ်တွင် ဖွင့်လှစ်ထားရှိသော ဆွဲဝယ်မည့် လုပ်ငန်းလိုင်စင်ကြေးကိုကာမိသော ငွေပမာဏရှိသည့် ဘဏ်ငွေစုစာအုပ် (သို့မဟုတ်) ဘဏ်ငွေစုလက်မှတ် (မူရင်း) ယူဆောင် လာရမည်ဖြစ်ပြီး ကျသင့်သော လိုင်စင်ကြေးငွေများကို တစ်ကြိမ်တည်းအကြေ ပေးသွင်းပါက အာမခံပစ္စည်း တင်သွင်းစေခြင်းအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)