မိုင်းယုမြို့၌ မိုးမခမျှစ်ခါး စတင်တူးဖော်ရောင်းချသူများ ဈေးကောင်းရနေ

မိုင်းယု မတ် ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဒေသခံပြည်သူများ ကြိုက်နှစ်သက်ကြသည့် ရာသီပေါ်၊ ပေါ်ဦးပေါ်ဖျား မိုးမခမျှစ်ခါးများကို တောင်သူတို့ စတင်တူးဖော် ရောင်းချလျက်ရှိရာ ဈေးကောင်းရနေလျက်ရှိသည်။

ဒေသခံတိုင်းရင်းသားတို့၏ ဒေသအစားအစာများအနက် မိုးမခမျှစ်ခါးသည် တစ်နှစ်မှတစ်ခါ တည်းသာ စားခွင့်ရသော သဘာဝအလျှောက် အလေ့ကျ ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သည်။ တပေါင်းလအစမှ ကဆုန်လဆန်းကာလအကြားတွင် မြေကြီးအတွင်း၌ ကိန်းအောင်းနေလျက်ရှိပြီး မြေပေါ် အပင်ဖျားအစို့ အနည်းငယ်သာထွက်လေ့ရှိကြောင်း၊ အဆိုပါ မိုးရေမထိတွေ့ရသေးသည့် မျှစ်ခါးအစို့များကို တောင်သူတို့ စတင်တူးယူကြရပြီး ယင်းကဲ့သို့ မျှစ်အစို့စတင်ထွက်ပေါ်လာချိန်၌ တူးယူခြင်းသည် မိုးရေမထိတွေ့သေးသည့်အတွက် အခါးဓာတ်ကင်းမဲ့နေပြီး ချိုမြိန်သော မျှစ်ကို ရရှိစေကာ သင်္ကြန်မိုးကျပြီး နောက် မျှစ်အစို့များ မြေပေါ်သို့ စတင်ထွက်ရှိလာချိန်တွင် တူးယူစားသုံးကြည့်ပါက မိုးရေထိတွေ့သွားသောကြောင့် အချိုအရသာအဖြစ်မှ အခါးအရသာအဖြစ်သို့  သဘာဝအလျောက် ပြောင်းလဲသွားသောကြောင့် ၎င်းကို''မျှစ်ခါး'' ဟု ခေါ်ဝေါ်ရခြင်းဖြစ်သည်ဟု တောင်သူက ပြောသည်။။

ယင်း မျှစ်ခါးကို ဒေသခံတိုင်းရင်းသားများက အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်း သော်လည်းကောင်း၊ မျှစ်ခါးပင်ရှိရာ ဝေးလံသည့် တောတောင်လျှိုမြောင်များသို့ သွားရောက်၍ တူးဖော်လေ့ရှိကြကြောင်း၊ ၎င်းမျှစ်ခါးပင်ကို မြေအနက် တစ်ပေနီးပါးအထိ တူးယူမှသာလျှင် မျှစ်ခါးအား ရရှိပြီး အဆိုပါ မျှစ်ခါးများကို တစ်နေ့တာ တူးယူလျှင် လွယ်အိတ်တစ်လုံးခန့်သာ တူးဖော်ရရှိ ပါကြောင်း သိရသည်။

ထိုသို့ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါးအား မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ ဖြစ်စေ၊ တို့စရာဟင်းလျာ အဖြစ်လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း အမျိုးမျိုးချက်ပြုတ်ကာ မိသားစုထမင်းဝိုင်းအတွင်း မြိန်ယှက်သော ဒေသဟင်းလျှာတစ်ခွက်အဖြစ် စားသုံးခြင်းဖြစ်၍ စျေးကွက်အတွင်း ယခုချိန်တူးဖော် ရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် မိုးမခမျှစ်ခါး ၅ ချောင်းမှ ၆ ချောင်း ပါဝင်သော အစီးတစ်စီးလျှင် ယခု ပေါက်ဈေး ကျပ်ငွေ ၅ဝဝဝ မှ ၃ဝဝဝ ကျပ်ထိရရှိပြီး ၊ တန်ခူး-ကဆုန်ကြားတွင် မျှစ်ခါးများ ပေါများလာသဖြင့် တစ်စီးလျှင် ကျပ် ၂ဝဝဝ မှ ကျပ် ၁၀၀၀အထိသာ  စျေးကျဆင်းသွားပါကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)