မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေး

မင်္ဂလာဒုံ မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသော ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဒု-လဝကမှူး ဒေါ်မြတ်မြတ်သွယ် ဦးဆောင်သော အဖွဲ့က ပလရရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည်သူ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၂၇)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၁၁)ဦး၊ လဲလှယ်(၁၉)ဦး စုစုပေါင်း (၅၇)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်း ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ(၃)ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၂၆၄၉၁)ကတ် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)