ရန်ကုန် မတ် ၂
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင်နိုင်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု ဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက် ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇)ရပ်ကွက်သို့ ဒုတိယအကြိမ် အလှည့်ကျ ရပ်ကွက်တစ်ခုလျှင် (၃)ရက်ကြာကွင်းဆင်း ဆောင်ရွက်ပေးရာ အမှတ်(၄၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၉)ခု၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြာ(၆)ကတ်၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးအသစ် လဲလှယ်သူ(၃၆)ဦး၊ အိမ်ထောင်စုစာရင်း အသစ်ပြုလုပ်သူ(၄)ခုတို့အားကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ (၁၈) လကြာ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)