မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကျင်းပ

မလှိုင်   မတ်လ    ၁

မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၃ခုနှစ်၊ သြဂုတ်လတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းချက်ထား ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ စီမံချက်ရေးဆွဲထားရှိပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် “မြေပြင်လူဦးရေစာရင်း”အား‌ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီစေရန် ပြုစုခြင်းနိုင်ရေးအတွက် ကောက်ယူရ မည့် ပုံစံအသေးစိတ်နှင့် ကောက်ယူရာတွင် တွေ့ကြုံရမည့်အခက်အခဲ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပါဝါပွိုင့်ဖြင့် အသေးစိတ်ချပြရှင်းလင်းပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေး ဝန်ထမ်းတို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

မလှိုင်မြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)စု၊ ကျေးရွာ(၂၄၇)ရွာ၊ အိမ်ခြေ (၃၄၅၄၆)အိမ်၊ အိမ်ထောင်စု(၃၅၂၆၈)စု၊ လူဦးရေ စုစုပေါင်း (၁၇၇၉၆၉)ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)