မိုင်းဆတ်မြို့၊ ဓါတ်စွမ်ယောင်းစေတီတော်၌ (အဋ္ဌမအကြိမ်) အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မိုင်းဆတ်  မတ်  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ဓါတ်စွမ်ယောင်းစေတီတော်၌ (အဋ္ဌမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဓါတ်စွမ်းဟုန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရေဝတက ရောင်ခြည်ဖွင့် ဘုရားပင့်ဂါထာတော်အားရွတ်ဖတ်ပူဇော်ခဲ့ပြီး ဧည့်ရိတ်သတ်အပေါင်းတို့က အောင်မင်္ဂလာတပ်ဦး ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည် ကာ ဆရာတော်သံဃာတော်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ခဲ့ကြသည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်ဟိန်းကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် မိုင်းခုတ်မြို့မကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဥတ္တရက နတ်ပင့်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ ပဌာန်းအမွှန်းဂါထာတော်အား မြို့ဦးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပဏ္ဍိတ ရွတ်ဖတ်ပူဇော်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဌာန်း “ပစ္စယုဒ္ဒေသ” ပါဠိတော်အား သံပြိုင်ရွတ်ဆိုကာ “ပစ္စယုဒ္ဒေသ”ပါဠိတော် အလှည့်ကျဆရာတော်ဘဒ္ဒန္တဘာဏက ကရွတ်ဖတ်ပူဇော်ပြီး အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား မတ်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ (၅) ရက်ကြာ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

ယောရှ(ပြန်/ဆက်)