နမ္မတူ မတ် ၁
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲ အရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို လစဉ်လဆန်း (၁)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအားလည်းကောင်း၊ (၂)ရက်နေ့တွင် နမ္မတူရပ်ကွက်ရှိ ကလေးငယ်များအား လည်းကောင်း တိုက်ကျွေးထိုးနှံဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)