သီပေါမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ပြုလုပ်ဆောင်ရွက်

သီပေါ မတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ  မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သီပေါမြို့နယ်  ပညာရေးမှူး ဦးထိန်လင်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာမျိုးအောင် ကကျန်းမာရေးအဆင့် မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး နောက်မြို့နယ်ပညာရေးဌာနသို့ပါးစပ်၊ နှာခေါင်းစည်း (Mask) (၁၀၀၀)ခုပေးအပ်ခြင်းနှင့် မြို့နယ်ကျောင်းကျန်းမာရေးဆုရရှိသောကျောင်းများအား ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းအား  သီပေါမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပို့ချရာကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေးလုပ်ငန်းစဉ်များ၊  ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး မိဘများ စိတ်ပါဝင်စားမှုများ၊ ဆရာ၊ ဆရာမများမှ ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိရမည့်အချက်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြောင်းနှင့် အဆိုပါ  ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)