ကာလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ကာလိ မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာမှု ရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပြီး ယနေ့နံနက် (၇)နာရီအချိန်ခန့်က မြို့မဈေးအတွင်းနှင့် ပျံကျဈေးတို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကာလိမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိနယ်မြေစခန်းမှူး ရဲအုပ်လှဟန်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနေပြည်သူစစ်တပ်မဟာ (၇)အဖွဲ့များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်‌စေရန် ရည်ရွယ်၍ ဈေးရောင်းဈေးဝယ်နေကြသည့် ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ကြရန် ၊ လက်ကို Hand Gel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏဆေး ကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ကြရန်နှင့် ပြည်သူများ အနေဖြင့် အပြင်ထွက်သည် ဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာ၌ ဖြစ်စေ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်‌စေရေးအတွက် ကွင်းဆင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီး  Mask တပ်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask တစ်ခုစီ အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်