ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

မော်လမြိုင် ဩဂုတ်   ၂၈

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို ဩဂုတ်လ(၂၈) ရက်နေ့ နံနက်(၁၀)နာရီက မော်လမြိုင်မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့က ကြယ်ပွင့်ပြ မေးခွန်းဖြစ်သော မြေယာ ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြန်လည်ဖြေကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ကြယ်ပွင့်ပြမေးခွန်းဖြစ်သော SMD ကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်နေသော ရေနက်ဆိပ်ကမ်းနှင့် SEZ စီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုချက် ရယူသည့် ကိစ္စရပ်များအား မေးမြန်းရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ပြန်လည်ဖြေကြား သည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဏာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခြင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က တင်သွင်းပြီး မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ က သုံးသပ်ချက်အစီရင်ခံစာ တင် သွင်းပြခြင်းတို့ကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က အစီရင်ခံစာ နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ထံ အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာသည်။

ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဏာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို အမည်စာရင်း တင်သွင်း ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်တို့က ထောက်ခံ ဆွေးနွေးခြင်း အပေါ်၊ ၎င်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်တွင် မှတ်တမ်းထားရှိမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက်     မွန်ပြည်နယ် လွှတ်တော်(၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ရပ်နားခဲ့ပြီး ဩဂုတ်လ(၃၁) ရက်နေ့ နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)