အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြစေရန် နှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အင်တော   ဩဂုတ်  ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမရှိရေးအတွက် ကြိုတင် တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် ကျောက်ဂူဈေးအတွင်းရှိ စျေးရောင်း/စျေးဝယ်များအား ယမန်နေ့ နံနက်ပိုင်းက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် အသုံးပြုကြစေရန်နှင့် အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ကုသ ၊ ထိန်းချုပ်ရေး ကော်မတီ အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် ကျောက်ဂူနယ်မြေ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အင်တောမြို့ စည်ပင်သာယာရေးဌာန တာဝန်ခံ ဦးစိုင်းအောင်သန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်ဂူတိုက်နယ်ဆေးရုံအုပ် ဒေါက်တာ ဘုန်းသက်တင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီများက စျေးသူစျေးသားများနှင့် စျေးဝယ်လာသူများကို Mask နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်ကမ်းများနှင့် အညီရောင်းချကြရန် ၊ Mask မပါက စျေးအတွင်းသို့ဝင်ခွင့်မပြုခြင်း ၊ စျေးဆိုင်တိုင်းတွင် လက်သန့်စင်ဆေးရေးများထားရှိခြင်း ၊ အခြား နယ်ဝေးမှ စျေးသည်များ လာရောက်ရောင်းချခွင့်မပြုခြင်း ၊ စျေးသို့ လူပိုခေါ်ဆောင်လာ ခွင့်မပြုခြင်း ၊ စားသောက် ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်စသည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ် ၊ လိုက်ပါစီးနှင်းသူများအား နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့် ပြည်သူများအား နှာခေါင်းစည်းစနစ်တကျ တပ်ဆင် စေခြင်း၊  ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အပြင်သွားလျှင် စနစ်တကျ နှာခေါင်းစည်း တပ်ဆင် အသုံးပြုစေရေးနှင့် ကိုဗစ်−၁၉ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်း စောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ခိုင် အင်တော(ပြန်/ဆက်)