နမ့်ဆန် မတ်လ ၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင်(၂၇)ကြိမ်မြောက် အသံမစဲမဟာပဌာန်းဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက်(၉)နာရီက နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းနားတွင် နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဦးသုဝဏအရှင်သူမြတ်က ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရား ပင့်ဆောင်ပြီး မြို့နယ်သံဃ၊ နာယက၊ ဧကဒသမမြောက်ဂိုဏ်းချုပ် ဆရာတော်ဘုရားအား ကန်တော့ပြီး ဆရာတော်ဘုရားထံမှ သရဏဂုံ (၃)ပါးနှင့်တကွ (၅)ပါးသော သီလတော်မြတ်ကို ခံယူဆောက်တည်ပြီး သာဿနာနွယ်ဝင်သီလရှင်များက ဆရာတော် ဘုရားထံမှ သရဏဂုံ (၃)ပါးနှင့်တကွ (၈)ပါးသောသီလကို ခံယူဆောက်တည်ကြသည်။
နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဦးသောဘနအရှင်သူမြတ်မှ ပဌာန်ဒေဿနာတော် နာကြားရန် နတ်ဗြဟ္မာများအား ဂါထာတော်ဖြင့်ပင့်ဆောင်ပြီး အဓိဌာန်ဆီမီးတော်ထွန်းညှိပူဇော်ရန် ပထမ ဆီမီးတိုင် ကိုမြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဥက္ကဋ္ဌ ဆရာတော်မှ ထွန်းညှိပြီး ဒုတိယဆီမီးတိုင်ကို ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ ထွန်းညှိပြီး၊ တတိယဆီမီးတိုင်ကို အမှတ်(၁၀၁) တပ်မမှူးမှထွန်းညှိပြီး၊ စတုထ္တဆီမီးတိုင်ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက် မှထွန်းညှိပြီး၊ ပဉ္စမဆီမီးတိုင်ကို လွယ်ခမ်းကျေးရွာ တာပလိန်းမှထွန်းညှိပြီး၊ ဆဌမဆီမီးတိုင်ကို ဗုဒ္ဓသာဿနာ ဂေါပက အဖွဲ့မှ ထွန်းညှိကြသည်။
ထို့နောက်ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ နတ်ဗြဟ္မာများ ပင့်ဖိတ်ကြားခြင်း၊ ပဌာန်းအမွန်းဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်အရှင်မြတ်များမှ ပဌာန်းပစ္စယုဒ္ဒေသ(၃)ကြိမ် ရွတ်ဖတ်ပူဇော်ပြီး အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို (၇)ရက် တိုင်တိုင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)