မိုင်းယန်း မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အား ကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် ပါမိုင်ဘောလုံးအသင်းနှင့် မီးသတ်ဘောလုံးအသင်းတို့က ယှဉ်ပြိုင်ကစားရာ ပါမိုင်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲတွင် ရှေးဦးစွာ ရန်ပုံငွေများလှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ပွဲစဉ်ဇယားရေးဆွဲရေးနှင့် ဒိုင်လူကြီးများဆပ်ကော်မတီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုများကို လည်းကောင်း၊ ဒုတိယဆုရ မီးသတ်အသင်းကို ငွေသားဆုငွေ(၂)သိန်းကို လည်းကောင်း၊ ပထမဗိုလ်စွဲသည့် ပါမိုင်အသင်းကို ပထမတံခွန်စိုက်ဒိုင်းဆုဖလားနှင့် ငွေသားဆုငွေ(၃)သိန်းကို လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများတို့က အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အုပ်စု(၃)အုပ်စုပါဝင်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)