သံဖြူဇရပ်မြို့နယ် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

သံဖြူဇရပ် မတ် ၁


စက်ရုံလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအကြောင်း အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်မန်နေ့ မွန်းလွဲပိုင်းက အွန်စောမွန်ရာဘာ သစ်ခွဲသားစက်ရုံနှင့် မြန်မာဝှချန် သစ်ခွဲသားစက်ရုံတို့တွင် ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် စက်ရုံလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာ အချက်အလက်များ၊ ရောဂါဖြစ်ပွားမှု လက္ခဏာများ၊ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်နိုင်သည့်အခြေအနေများ၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန် ရှောင်ရန် အချက်များ၊ ကျန်းမာရေးဌာနမှ အသိပေးနေသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များနှင့် အညီလိုက်နာကြရေး စသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာနှင့် နောက်ဆက်တွဲ ကူးစက်ဖြစ်ပွားနေသည့် အိုမီခရွန်ရောဂါအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် သံဖြူဇရပ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရဲတံခွန်ကျေးရွာရှိ အွန်စောမွန် ရာဘာသစ်ခွဲသားစက်ရုံနှင့် မြန်မာဝှချန် သစ်ခွဲသားစက်ရုံတို့တွင် ဟောပြောခဲ့ပြီး နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်ခြင်းနှင့် လက်စနစ်တကျဆေးနည်းများကို ပညာပေးလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ကျန်းမာရေးဉီးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲများကို ဖေဖော်ဝါရီ  ၂၅ မှမတ်လ ၁ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားများအား အသိပညာပေးဟောပြောပွဲများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမွန်(ပြန်ဆက်)