တောင်ကြီး မတ် ၁
သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြု သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သစ်လွင် သူနာပြုခန့်အပ်လွှာ ပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့သည် မိမိတို့သူနာပြု Professional အတွက် အားဖြည့် လောင်းရန် တာဝန်ကျရာဒေသ အသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူများသည် ပြည်သူလူထု၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက် မိမိတို့တတ်စွမ်းသမျှ အတတ်ပညာနှင့် ပြုစုစောင့်ရှောက်ပေးကြရန် များစွာမျှော်လင့်ပါကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် သူနာပြုများသည် အဓိက(Back Bone)အဖြစ် ပါဝင်ပါကြောင်း၊ စေတနာ၊ ဂရုဏာ၊ အကြင်နာ၊ ဝါသနာ၊ အနစ်နာအရင်းခံပြီး ပြုစု စောင့်ရှောက် ပေးရသူများ ဖြစ်ပါကြောင်း၊ ယနေ့အပတ်စဉ်(၄၄)တွင် သင်တန်းဆင်းကြသည့် ဒီပလိုမာလက်မှတ်ရ မောင်၊ မယ် (၄၅)ယောက်တို့သည် မိမိတို့ တတ်ကျွမ်းသောပညာဖြင့် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ရောဂါ ကာကွယ်ရေး၊ ပြန်လည်ပြုစုပျိုးထောင်ပေးရေး ကဏ္ဍတွင် အင်တိုက်အားတိုက် ပါဝင်ကြရန် တိုက်တွန်းပြောကြား သွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ သူနာပြု ရာထူးခန့်အပ်လွှာပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားပြီး သူနာပြုသစ်လွင်များအား သူနာပြုရာ ထူးခန့်အပ်လွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း