ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၅) ခု ခွင့်ပြုပေးထား

တောင်ကြီး မတ် ၁

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကော်မတီဝင်များ အနေဖြင့် ယနေ့အစည်းအဝေးတွင် တင်ပြလာသည့် Oh si Mountain Public Co.,Ltd. ၏ ကလောဗီလာ အဆင့်မြင့်အိမ်ရာ တည်ဆောက် ငှားရမ်းရောင်းချခြင်းလုပ်ငန်းအပေါ် ဝိုင်းဝန်း ဆွေးနွေး​ပေးကြပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုမိန့် ခွင့်ပြုပေးသွားနိုင်ရန်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ပေးထားသည့် မူဘောင်အတွင်းမှာရှိသည့် လုပ်ငန်းများကို မြန်မြန်နှင့် မှန်မှန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ oh si Mountain Public co.,Ltd. တာဝန်ရှိသူက ကုမ္ပဏီမှအိမ်ရာ ဆောက်လုပ် ငှားရမ်းရောင်းချခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို အသေးစိတ် ရှင်းလင်းတင်ပြပြီး oh si Mountain Public Co.,Ltd. ၏ အိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန် အတည်ပြုမိန့် လျှောက်ထား တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းဆွေးနွေးပြီး ကော်မတီအတွင်းရေးမှူးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်အားလုံးမှ အထွေထွေ ဆွေးနွေးကာ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည့်များ ဖြည့်စွက်ပြောကြားပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် Oh si Mountain Public Co.,Ltd. ၏ အိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်း လုပ်ငန်းကို အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၀.၄၈၁ သန်း အပါအဝင် မြန်မာကျပ်(၃၁၁၀.၈၅၃)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၅)ဦး ဖန်တီးနိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၅)ခု ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀)သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၃)ခု ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၆.၉၀၄)သန်း အပါအဝင် ကျပ်သန်း(၃၁၆၂၀.၇၅) ကို ခွင့်ပြုပေးထားခဲ့ပြီး အဆိုပါလုပ်ငန်းမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၉၉၄)ဦးနှင့် ပြည်ပ (၅၃) ဦးကို ဖန်တီးပေးနိုင်ခဲ့​ပါကြောင်း သိရှိရသည်။

မောင်မောင်သန်း