လွိုင်လင် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ပါးစပ်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း (Mask Campaign) ကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၈ နာရီက မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ခဲ့သည်။
ယခုအခါတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ကူးစက်မှုကာကွယ်နိုင်ရန် လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ဦးဆောင်ကာ ပြည်သူလူထုမှ Mask တပ်ဆင်ခြင်းအားနည်းလာ၍ အသိပညာပေးခြင်း သတိပေးခြင်းအဖြစ် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ရောဂါပိုးဖြစ်ပွားမှု များပြားလာပါက အသွားအလာကန့်သတ်ခြင်း၊ ဈေးများ ကျောင်းများပိတ်ထားရခြင်းများ ပြုလုပ်ရပါက ပြည်သူများ နစ်နာမည်ဖြစ်၍ ပညာပေးလုပ်ငန်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယင်းနောက်အပြစ်ပေးအရေးယူခြင်း၊ ဒဏ်ငွေရိုက်ခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယနေ့ပြုလုပ်သည့် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)