မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်တားဆီးရေး အရှိန်မပျက် ဆောင်ရွက်

လွိုင်လင်  ဖေဖော်ဝါရီ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ လွိုင်လင်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန် တောင်ကြီး-လွိုင်လင် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုင်းပွန်မြို့အဝင်တွင်  ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ  ၂၂ ရက်နေ့ ပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းပွန်မြို့ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အထောက်အထားများ စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားပြသနိုင်ခြင်း မရှိပါက RTD ဖြင့် စစ်ဆေးပေးပြီး ရောဂါပိုးကူးစက်ခံရပါက သက်ဆိုင်ရာနှင့် ချိတ်ပြီး လိုအပ်သလိုဆောင်ရွက်‌‌ပေးသွားမည် ဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရမှုမရှိပါက အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေး၍ လိုရာခရီးကို ဆက်လက်ထွက်ခွါခွင့်ရရှိမည် ဖြစ်သည်။

ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်တားဆီးရေးဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်သို့ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းထွဋ်တို့က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက် ၁၀ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး