သန်လျင်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

သန်လျင်  သြဂုတ်  ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ် အတွင်း ရောဂါဖြစ်ပွားမှုမရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက် ရှိသည်။ သန်လျင်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု များ အတွင်း ပြင်ပခရီးသွားများ ရောက်ရှိပါက အချိန်မီ သတင်းပို့ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစည်းများ တပ်ဆင်ရေး၊ လက်ကို စင်ကြယ်စွာ ဆေးကြောရေး ပြည်သူများ အသိပညာရရှိရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ယမန်နေ့ ညနေပိုင်းက သန်လျင်မြို့နယ်၏ အချက်အချာကျနေရာများ၊ လူစည်ကားရာဈေးနှင့်  ကားဂိတ်၊ ကယ်ရီဂိတ်များတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း (Mask) များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက် လူမှုအသင်းအဖွဲ့များက အရှိန်မြှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

သန်းဝင်း(သန်လျင်)