မလှိုင်မြို့နယ်တွင် လူဦးရေအခြေပြစာရင်း ပြည့်စုံမှန်ကန်စွာ ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မလှိုင်   ဖေဖော်ဝါရီ   ၂၈ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင်လူဦးရေအခြေပြစာရင်း အ/ပုံစံ ၁(က) ပြည့်စုံ မှန်ကန်စွာရေးသွင်းနိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အလိုက်အခြေခံ မဲဆန္ဒရှင်စာရင်းများကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များကို အခြေခံ၍ မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင် ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နယ်မြေအလိုက် မြေပြင်စာရင်းများအား နောက်ဆုံးအခြေအနေနှင့် ကိုက်ညီ အောင်  ဆောင်ရွက်ရမည်ဖြစ်၍  အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာ  နည်းဥပဒေများ၊ ပြင်ဆင်သည့်နည်းဥပဒေများနှင့်အညီ ပြုစုဆောင်ရွက် ကြရန်ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းချက်များ များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး  စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ ဆောင်ရွက်ရာတွင် လူဦးရေစာရင်းပေါ်တွင် အခြေပြုဆောင်ရွက်ရသောကြောင့် လူဦးရေအခြေပြ စာရင်း အ/ပုံစံ - ၁(က) သည် အရေးကြီး၍ အမှားအယွင်း မရှိစေရန် ထပ်ဆင့်မှာကြားဆွေးခဲ့သည်။  

မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက် ကျေးရွာအုပ်စု(၅၂)အုပ်စု ကျေးရွာပေါင်း(၂၄၇)ရွာရှိပြီး အိမ်ခြေ (၃၄၅၄၆)အိမ်၊ အိမ်ထောင်စု (၃၅၂၆၈)စု၊ လူဦးရေ ကျား(၈၃၀၈၅)ဦး၊ မ(၉၄၈၈၄)ဦး စုစုပေါင်း (၁၇၇၉၆၉)ဦး ရှိကြောင်းသိရှိရသည်။

အောင်ဌေး (ပြန်/ဆက်)