မန္တလေး ဩဂုတ် ၂၈
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက အောင်မြေသာစံမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အောင်မြေသာစံမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ရွေးကောက်ပွဲ လုပ်ငန်းများကိုဆောင်ရွက်ကြရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာပြုစုရေးနှင့် အချိန်မီပြီးစီးရေး၊ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများမကြေညာခင် မဲဆန္ဒရှင်စာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များ မဖြစ်ပေါ်စေရေးတို့အတွက် စိစစ်ဆောင်ရွက်သွားကြရန်နှင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးကဝိုင်းဝန်းဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးနှင့် အတွင်းရေးမှူး ဒေါ်နှင်းနှင်းတို့က ရွေးကောက်ပွဲ လုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့်အခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မဲဆန္ဒရှင်စာရင်းများနှင့် မဲရုံကိစ္စများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများကလည်းသက်ဆိုင်ရာ ကဏ္ဍအလိုက်ဝိုင်းဝန်း ဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အောင်မြေသာစံမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)