မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား  မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်

မုဒုံ   ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေက  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် မွန်/မြန်မာ နှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျစွန့်ပစ်ရန်၊ ပြည်သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို မပျက်မကွက် ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ တို့ကို ပူးပေါင်းပါဝင်ပေးကြပါရန် စသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အချက်များကို အသံချဲ့စက်ဖြင့်  အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)