ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း အောက်ဆီဂျင် စက်ရုံသစ်ကို တည်ဆောက်ထားသည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ ရုံးသစ်ဖွင့်ပွဲ၊မော်ကွန်း ကမ္ဗည်းတင်ပွဲနှင့် အသင်း (၁၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မာလာရာမ ကွက်သစ်ကျောင်း တိုက်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။
ကျင်းပရာတွင် ဆရာတော်ဘုရားကြီးများဦးဆောင်၍ နာယကကြီးများ မတည်အလှူရှင်နှင့် စိန်ရတနာအသင်း ဥက္ကဋ္ဌ တို့က ဖဲကြီးဖြတ်ဖွင့်လှစ်ခဲ့ပြီး စိန်ရတနာ နာရေးကူညီမှုအသင်း မော်ကွန်း ကမ္ဗည်းအားအမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်း သွန်းလောင်း ဖွင့်လှစ်ခဲ့ကြသည်။ထို့နောက် စိန်ရတနာ အသင်းကြီး၏ ဩဝါဒစရိယအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု- အဂ္ဂမဟာမဏ္ဍိတ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကဘိဝံသထံမှ ဩဝါဒကထာ ကို အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌမှ ဖတ်ကြားခဲ့ပြီး ပရိတ်သတ်များက သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့သည်။
ဆက်လက်၍ စိန်ရတနာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသောင်းကြည်နှင့် အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်တို့က အမှာစကား အသီးသီးပြောကြားပြီး စိန်ရတနာ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးသန်းဌေးက အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာအား ဖတ်ကြားခဲ့ပြီးနောက် ကျေးဇူးတင် ဂုဏ်ပြု ထိုက်သူများအား အမှတ်တရ ဂုဏ်ပြုလက်မှတ်များကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတွင် တစ်ရက် လီတာ (၄၀) အိုး အလုံး (၂၀၀) ခန့်ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ အောက် တိုဘာလ (၂၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်နေသောပြည်သူများ အသုံးပြုလျက်ရှိသည်။ စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့်ပုံမှန် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)