သီပေါ ဖေဖော်ဝါရီ ၂၈
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများမဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွှဲ ၃နာရီ အချိန်က မြို့တွင်းရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ လှည့်လည်ဆော်ဩ ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် သီပေါမြို့ပေါ်ရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာအတွင်း နေထိုင်ကြသူများအားလုံး အိမ်ခြံဝင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရန်၊ မီးချိတ်၊မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် လှေကားများစနစ်တကျထားရှိရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဆောင်ထားရန်၊ လောင်စာဆီများ သိုလှောင်မထားရန် စသည့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအချက်များနှင့် မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ လျှပ်စစ်မီး သုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အသုံးပြုခြင်းများ၊ ဓာတ်ဆီဖြည့် / လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် အဆိုပါ အချက်များအား လိုက်နာမှုမရှိပါက မီးသတ်တပ်ဖွဲ့နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရ သည်။
ခင်လေး(မြို့နယ် ပြန်/ဆက်)