သထုံ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ခိုကိုးရာမဲ့ မိဘမဲ့ကလေးငယ်များ ပြုစုပျိူးထောင်နိုင်ရန် "သု၀ဏ္ဏဘူမိဗောဓိမေတ္တာ" မိဘမဲ့ပရဟိတကျောင်းကို သထုံရွှေတံခါးဆေးဆရာတော်၊ နယ်လှည့်သာသနာပြု ဓမ္မကထိကအရှင်ကုဝေရမှ ဦးစီး ဆောက်လုပ်သွားမည်ဖြစ်ရာ အဆောက်အဦများ တည်ဆောက်နိုင်ရန်အတွက်လိုအပ်သည့် မြေနေရာအား အလှူရှင် မိသားစုတို့က ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပရဟိတကျောင်းဆောက်လုပ်ရန်အတွက် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ သုဓမ္မ၀တီ မြို့သစ် (ဆ) ရပ်ကွက်ရှိ အကွက်အမှတ် (၅၁၃) ပေ ၈၀ ပတ်လည်မြေနေရာအား ပိုင်ရှင်ဖြစ်သူ ဒေါက်တာငွေစန်းမိသားစုတို့က ပိုင်ဆိုင်သည့် အထောက်အထားစာရွက်၊ စာတမ်းများပေးအပ်လှူဒါန်းရာ ရွေတံခါးဆရာတော်က ဩဝါဒစကား မြွက်ကြား၍ လှူဒါန်းမှု အားလက်ခံပြီး အလှူရှင်တို့က လှူဒါန်းမှုအားရေစက်သွန်ချ အမျှဝေပေးခဲ့ကြသည်။
အဆိုပါ "သု၀ဏ္ဏဘူမိဗောဓိမေတ္တာ" မိဘမဲ့ပရဟိတကျောင်းအား အများပြည်သူထည့်ဝင် လှူဒါန်းမှုဖြင့် ဆောက်လုပ် သွားမည်ဖြစ်ရာ ကျောင်းအဆောက်အဦအပါအဝင်၊ ခြံစည်းရိုး၊ အဝီစိတွင်း၊ မြောင်းကူးတံတား၊ ကုဋီ စသည်တို့လိုအပ် မည်ဖြစ်ရာ တည်ဆောက်ရေးအတွက် လှူဒါန်းလိုပါက သထုံရွှေတံခါးဆေး ဆရာတော်ထံ မည်သူမဆို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)